မန္တလေးသမိုင်း
မန္တလေးနန်းတော် သည် မန္တလေးမြို့တွင်တည်ရှိပြီး ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးနန်းတော်ဖြစ်သည်။ မင်းတုန်းမင်းသည် မန္တလေးမြို့သစ်ကို တည်သောအခါ တပါတည်း နန်းတော်ကိုပါ ၁၈၅၇ နှင့် ၁၈၅၉-ခုနှစ်အတွင်း တည်ဆောက်ခဲ့သည်။ မန္တလေးနန်းတော်၏ ပုံစံသည် ယခင်နန်းတော်ဟောင်းများအတိုင်းဖြစ်ပြီး မြို့ရိုးနှင့် ကျုံးတို့က ဝန်းရံထားသည်။ နန်းတော်သည် ဝင်းအလယ်ဗဟိုတွင် တည်ရှိပြီး အရှေ့ဘက်ကို မျက်နှာမူထားသည်။ နန်းဆောင်အားလုံးမှာ တစ်ထပ်သာဖြစ်ကြသည်။ နန်းဆောင်ပေါ်ရှိ ပြသာဒ်အဆင့် အရေအတွက်သည် အဆောင်ပိုင်ရှင်၏ အရေးပါမှုကို ပြသည်။
မန္တလေးနန်းတော်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သာ စိုးစံတော်မူခဲ့သည်။ တတိယ အင်္ဂလိပ်−မြန်မာ စစ်ပွဲပြီးဆုံးသောအခါ၊ ဗြိတိသျှစစ်တပ်က နန်းတော်တွင်းဝင်ရောက်ပြီး ဘုရင့်မိသားစုကို ဖမ်းခေါ်ဆောင်သွားပြီး နန်းတော်ကိုလည်း သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် ဗြိတိသျှတို့က နန်းတော်ကို ဒပ်ဖရင်ခံတပ် အဖြစ်ပြောင်းလဲခဲ့သည်။ ဗြိတိသျှတို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး နန်းတော်သည် အမျိုးသားရေး အမှတ်အသား အဖြစ်တည်ရှိခဲ့သည်။ နန်းဆောင် တော်တော်များများမှာ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင်အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။ ထို့နောက် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့သည်။
ယနေ့အခါ မန္တလေးနန်းတော်သည် နိုင်ငံခြားသားများ လည်ပတ်ရာ အဓိကနေရာအဖြစ် တည်ရှိနေသည်။ ရှေးမြန်မာမြို့တော်ဟောင်း၏ မြို့ရိုးဟောင်း၊ ၊ မြို့ရိုးပျက်များကို ယခုတိုင်တွေ့မြင်နိုင်ပေသေးသည်။ လွန်ခဲ့သည့် အနှစ် ၁ဝဝ ကျော်က မင်းတုန်းမင်း တရားတည်ဆောက်ခဲ့သည့် မန္တလေးမြို့ရိုးကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက အမြောက်ဒဏ်များကို မရှုမလှ ခံခဲ့ရသဖြင့် အချို့အပိုင်းများပျက်စီးခဲ့သော်လည်း ထင်ထင်ရှားရှားပင် တည်ရှိနေသေးသဖြင့် မြန်မာတို့၏ မြို့ရိုးအသွင်အပြင်ကို နမူနာဆောင်လျက်ရှိပေသေးသည်။
မာတိကာ
၁ အမည်
၂ သမိုင်း
၃ နန်းမြို့
၃.၁ မြို့ရိုး
၃.၂ တံခါးများ
၃.၃ မီးတား
၃.၄ ကျုံး
၃.၅ တံတား
၄ နန်းမြို့တော်အတွင်း
၄.၁ ပဟိုရ်စင်
၄.၂ စွယ်တော်စင်
၄.၃ လွှတ်တော်
၄.၄ တော်ဝင်ဂူဗိမာန်များ
၄.၅ ဒင်္ဂါးသွန်းစက်ရုံ
၅ ရွှေနန်းတော်အတွင်း
၅.၁ မြေနန်းပြသာဒ်တော်
၅.၂ အရှေ့ဇေတဝန်ဆောင်
၅.၃ ဗောင်းတော်ဆောင်
၅.၄ မှန်နန်းဆောင်
၅.၅ ဗြဲတိုက်ဆောင်
၅.၆ လေသာဆောင်
၅.၇ လက်ဖက်ရည်တော်ဆောင်
၅.၈ ရွှေတိုက်တော်
၅.၉ ပန်းခုံတော်အုတ်တိုက်
၅.၁၀ တောင်စမုတ်ဆောင်
၅.၁၁ မြောက်စမုတ်ဆောင်
၅.၁၂ တောင်ထားဝယ်ဆောင်နှင့်မြောက်ထားဝယ်ဆောင်
၅.၁၃ နန်းမြင့်
၅.၁၄ အနောက်ပိုင်း မင်းဆောင်တော်
၅.၁၅ အနောက်စမုတ်ဆောင်
၅.၁၆ အနောက်ပွဲတက်ဇေတဝန်ဆောင်တော်
၅.၁၇ တောင်ဘက်ဝဲဆောင်နှင့်မြောက်ဘက်ဝဲဆောင်
၅.၁၈ အနောက်ပိုင်းမိဖုရားဆောင်များ
၆ ပြန်လည်တည်ဆောက်ခြင်း
၇ ဝေဖန်မှု
၇.၁ စစ်တပ်
၈ ပြခန်း
၉ အခြားကြည့်ရန်များ
၁၀ ကိုးကား
၁၁ ပြင်ပလင့်များ
အမည်
နန်းတော်၏ အမည်ကို မြနန်းစံကျော် ရွှေနန်းတော် ဟု တရားဝင်ထုတ်ပြန်သော အမိန့်တော်များတွင် တွေ့ရသည်။ ရွှေနန်းတော်ကြီးဟုလည်း ခေါ်သည်။ နန်းမြို့ကိုမူ လေးကျွန်းအောင်မြေဟု သမုတ်တော်မူသည်။
သမိုင်း
နန်းတော်ရှေ့တွင် ဗြိတိသျှတပ်သားများအားတွေ့ရစဉ်
ကုန်းဘောင်ခေတ်နန်းတော်မြင်ကွင်းပန်းချီကား
မင်းတုန်းမင်းကြီးက ၁၈၅၇ ဖေဖော်ဝါရီတွင် မြို့သစ်တည်သောအခါ နန်းတော်ကိုပါ တပါတည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ [၁] မြို့သစ်တွင် အကွက်ပေါင်း ၁၄၄ ကွက်ပါဝင်သည်။ နန်းတော်ဝင်းတွင် ၁၆ ကွက်ပါဝင်သည်။ [၂] ၄၁၃ ဟက်တာ ရှိသော နန်းတော်ဝင်းကို လေးဖက်လေးတန်တွင် ၂ ကီလိုမီတာ အရှည်ရှိသော မြို့ရိုး နှင့် ရေကျုံး(အကျယ် ၆၄ မီတာ၊ အနက် ၄.၅မီတာ) တို့က ကာရံထားသည်။ မြို့ရိုး တစ်လျှောက် ၁၆၉ မီတာတိုင်းတွင် ရဲမက်များ ကင်းစောင့်နိုင်ရန် သူရဲခို များ ထည့်သွင်းတည်ဆောက်ထားသည်။ [၃] မြို့ရိုးတစ်ဖက်စီတွင် တံခါးသုံးပေါက်စီရှိကာ စုစုပေါင်း တံခါး၁၂ပေါက်ရှိသည်။ ထိုတံခါးများတွင် နာမည် ကိုယ်စီရှိသည်။ [၁] ပတ်လည်တွင် ကျုံးကို ကူးရန် တံတား ၅ စင်း ရှိသည်။ [၂]
၁၈၅၇ ဇွန် လတွင် စတင်တည်ဆောက်ခဲ့သည်။ ၁၈၅၂ တွင် ဖြစ်ပွားခဲ့သော ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီးတွင် နိုင်ငံအောက်ပိုင်း ကို သိမ်းပိုက်ခံထားရသော မြန်မာမင်းများသည် ကြီးမားထည်ဝါသော နန်းတော်ကြီးကို ဆောက်လုပ်ရန် အခြေအနေမပေးတော့ပေ။ အမရပူရ နန်းတော်ဟောင်းကို ဖျက်သိမ်း၍ မန္တလေးတောင်ခြေ ရှိ နန်းတော်သစ် သို့ ဆင်များဖြင့် ပြောင်းရွေ့ခဲ့သည်။ ၂၃ မေ ၁၈၅၉ တွင် နန်းတော်သစ် ဆောက်လုပ်ခြင်း အလုံးစုံ ပြီးစီးခဲ့သည်။ [၁] ဗြိတိသျှတို့ က ၁၈၈၇ ခုနှစ်တွင် ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် နန်းတွင်း လက်ရာ ပစ္စည်းများကို ဖျက်ဆီး၍ အချို့ကို ယူဆောင်သွားခဲ့သည်။ ၎င်းတို့ထဲမှ အချို့ကို လန်ဒန်ရှိ ဝိတိုရိယ နှင့် အဲလ်ဘတ် ပြတိုက် တွင် ယခုအခါ ပြသထားသည်။ [၄] ဖျက်ဆီးခံရမှုများတွင် နန်းတွင်းပိဋကတ်တိုက်လည်း ပါဝင်သည်။ ဗြိတိသျှိတို့က နန်းတော်ကို ဒပ်ဖရင် ခံတပ် အဖြစ် အသွင်ပြောင်းပြီး အသုံးပြုခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က ထောက်ပံ့ရေး စခန်းအဖြစ် အသုံးပြုခဲ့ပြန်သည်။ ထို့နောက် မဟာမိတ်တို့ က ဗုံးကြဲခဲ့သောကြောင့် မီးလောင်ကျွမ်းခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်လွန်များတွင် ပြန်လည်တည်ဆောက်သော အခါ ပုံစံတူကို ဆောက်လုပ်ခဲ့ပြီး အသုံးပြုသော ပစ္စည်းများ မတူတော့ပေ၊ ဥပမာ အမိုးကို သွပ်မိုးသုံးထားခြင်း။ နန်းဆောင် တစ်ခုကို သီပေါမင်း လက်ထက်က ဖျက်သိမ်းကာ ရွှေနန်းတော် ဘုန်းကြီးကျောင်း အဖြစ် ပြန်လည် တည်ဆောက် ခဲ့သည်။ ၎င်း သည်ပင် မူလသစ်သားနန်းတော်၏ တခုတည်းသော လက်ကျန် အဆောက်အဦး ဖြစ်သည်။
နန်းမြို့
စတုရန်း လေးမျက်နှာ၊ တာပေါင်း (၂၄ဝဝ)ရှိသော မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး (၁၂)ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် (၃၂)ခု ရှိသည့် အားလျော်စွာ (၄၈) ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း (၄၈)ဆောင် ရှိသည်။
စလေဆရာ ဦးပုညကရတနာနဒီ မော်ကွန်းတွင်-
"ဓာတုမဏ္ဍ၊ ပတ်လည်ချသား၊ ကွန်းမပြာသာဒ်၊ ဒွါဒရသ်လည်း၊ မျဉ်းခတ်တသွန်၊ စတုကဏ်၌ ဗိမာန်လေးသွယ်၊ ဘဝဂ်ကယ်မျှ၊ တနယ်တနယ်၊ တလာပယ်မူ၊ ရွှေကြယ်ငွေကြယ်၊ မျက်စုံခြယ်လျက်၊ တိမ်စွယ်ထဲချောင်၊ ရဲရဲပြောင်သည်၊ ရှစ်ဆောင်ရှစ်ဆောင်၊ ရစ်မြှောင်ဝန်းလည်၊ ရွှန်းရွှန်းကြည်မျှ၊ ရောင်ခြည်တွဲ့တွဲ့၊ ယိုအံ့ကဲ့သို့၊ လေးဆယ့်ရှစ်တန်၊ ဝေဇယန်လည်း၊ ဘုန်းဝှန်သတိုး၊ ရှင့်တန်ခိုးကြောင့်၊ လိုစိုးမျက်မှောက်၊ မြေမှပေါက် ၏"
ဟု စပ်ဆိုခဲ့လေသည်။
မြို့ရိုး
နန်းတွင်းပြတိုက်အတွင်းတွင် ပြသထားသော နန်းမြို့တစ်ခုလုံး၏မြေပုံ
ထောင့်ပြကြီး၄ခုမှတစ်ခု
မန္တလေးရွှေမြို့တော်ကြီးကို သာသနာနှစ် ၂၄ဝဝ ပြည့်မှီအောင် ၁၂၁၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သည် ဆိုသော်လည်း၊ မြို့ရိုးနှင့်တစ်ကွ ခုနစ်ဌာနတို့ကိုမူကား ၁၂၂၁-ခုနှစ်၊ ကဆုန်လမှ အုတ်မြစ်ချ၍ တည်လုပ်ရသည်။ အုတ်မြို့ရိုးသည် အုတ်မြစ်သံတောင် ၁ တောင်၊ အုတ်ရိုးထု ၁ တာ၊ အရပ် သံ ၁၅ တောင်၊ သူရဲခို အမြင့် သံ ၃ တောင်၊ နှစ်စု အုတ်မြို့ရိုး အမြင့် ၁၈ တောင်၊ အချင်းတစ်မျက်နှာ တာ ၆ဝဝ၊ ၄ မျက်နှာ တာ ၂၄ဝဝ ရှိသည်။ ဤသို့ သာသနာတော် ၂၄ဝဝ အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဖက်လျှင် တာ ၆ဝဝ စီ အညီအမျှ ခွဲဝေထားသည်။ မြို့ရိုးလေးခု သည် စတုဂံ ပုံစံရှိကာ မြို့ရိုးတစ်လျှောက်တွင် တစ်ခုနှင့် တစ်ခု မီတာ ၁၇၀ ခန့်စီ ကွာဝေးသော ပြသာဒ် ၄၈ ခု ရှိသည်။ မြို့ရိုးအပြင်တွင် အကျယ် ၆၄မီတာ၊ အနက် ၄.၅ မီတာ ရှိသော ရေကျုံးက ဝန်းရံထားသည်။ မြို့ရိုးကို ရှေးမြန်မာ အုတ်များဖြင့် ဆောက်လုပ်ထားပြီး အခြေတွင် ၃မီတာ နှင့် ထိပ်တွင် ၁.၄၇မီတာ အကျယ်ရှိသည်။ အမြင့်မှာ သူရဲခို မပါ ၆.၈၆ မီတာ နှင့် သူရဲခို အပါ ၈.၂၃ မီတာ ရှိသည်။ ကာဆွဲပေါက်မှာ ၀.၈၄ မီတာ အကျယ်ရှိသည်။ ရဲမက်များ အရေးပေါ် တက်နိုင်ရန် နှင့် မြို့ရိုးကို အထောက်အပံ့ဖြစ်စေရန် အတွင်းဘက်တွင် မြေသားမှာ ခပ်ပြေပြေ စောင်းထားသည်။
မြို့ရိုး၏ အတွင်းဘက်ပိုင်း
မြို့ရိုးအား ညပိုင်းတွင်တွေ့ရစဉ်
ထိပ်တွင် သူရဲပြေးခေါ် လူလျှောက်ရန် ၁.၈၃ မီတာ အကျယ် လမ်းရှိသည်။ ၎င်းကို အုတ်စီထားပြီး မြို့ရိုးထိပ် တလျှောက် ရှိသည်။ တံခါးပြအိုးတို့၏ မှီရာတည်ရာ အောက်အခြေခံမှာ ထု ၁ တာ၊ အမြင့် ရဲခိုပါ ၁၈ တောင်ရှိသော အုတ်မြို့ရိုးကြီးပင် ဖြစ်သည်။ အုတ်ရိုးသက်သက်ကို မြေနီသရွတ်ဖြင့် အကြမ်းစီစီပြီးမှ အတွင်းဘက် တွင် ဆင်ခြေလျှော မြေဖို့လုပ်ဆောင်ထားခြင်းဖြစ်သည်။ အုတ်မြို့ရိုး အထက်တွင် သူရဲခို ခေါ် အုတ်စိန်တောင်များ ပေါက် ထားပြီးလျှင် ယင်း၏ အတွင်းဘက်မြို့ရိုးထိပ်တလျောက်တွင် သူရဲပြေးခေါ် စင်္ကြံလမ်းတစ်ခု မြို့ရိုးကို ပတ်၍ ပြုလုပ် ထားသည်။ တပြနှင့် တပြ အကြား၌ သူရဲခိုပေါင်း ၇ဝ ကျော်ရှိ၏။ ပြထက် ရှိ ပြဆောင်ကို ပစ္စင်ဟု ခေါ်သည်။ စစ်မက် အရေးအရာ ရှိသောအခါ အမြောက်မတြပူ၊ စိန်၊ သစ်တုံး၊ ပွဲလျက်ရေ၊ ခဲရေ၊ သံရေတို့ဖြင့် ပစ်ဖောက် သွန်းလောင်းရာ ဌာနဖြစ်၍ ပစ္စင်ခေါ်ကြောင်း ဆိုသည်။
မြို့ရိုးပေါ်သို့ အတွင်းဘက်မှတက်ရန်လှေခါး
မြို့ရိုးအတွင်းပိုင်း တံခါးများ
မြို့ရိုး တစ်ဘက်စီတွင် တစင်းနှင့် တစင်းသော်လည်းကောင်း၊ မြို့ရိုးထောင့်နှင့် သော်လည်းကောင်း၊ အကွာအဝေးတူ တံခါးသုံးရပ်စီ ရှိသည်။ တံခါးများမှာ ၄.၈မီတာ အကျယ် ရှိပြီး ထိပ်တွင် တံခါးပြာသာဒ်များ ရှိသည်။ ထိုတံခါး ၁၂ ရပ်တို့၏တံခါးရွက်များတွင် ထိုတံခါးတည်ရာ ရာသီခွင်အလိုက် ရာသီစောင့် အရုပ်များ၊ နက္ခတ်များ၊ တာရာပုံ များကို ရွှေမင်နှင့် ထင်ရှားတင့်တယ်ရှုချင်ဖွယ်ရှိအောင် ရေးခြယ်ထား၏။ တံခါး ၁၂ ရပ် အမည်တော်တို့ကိုလည်း တံခါးပေါက် တစ်ခုစီ၏ အဝင်အထွက် လက်ျာကျသော မီးကာ အုတ်တံတိုင်းကြီးများ အနီး၌ အုတ်ပလ္လင် ၃ ဆင့်ခံ၍ မော်ကွန်းတိုင်ဖြင့် စိုက်ထူ ဖော်ပြထားသည်။ မြို့တံခါးများ အဝင်တွင် တံခါးစောင့်များ နေထိုင်ရန် ဝဲယာ တိုက် တန်းများထားရှိပြီးလျှင် တံခါးစောင့်တို့ သေနတ်ကိုင်စွဲ၍ နေ့ညဉ့် စောင့်နေကာ၊ တံခါး အဝင်အထွက်တွင် ဓားလှံ သေနတ် စသော လက်နက်များပါမပါ၊ ယစ်မျိုးနှင့် အမဲသားများ သွင်းမ သွင်းကြည့်ရှုစစ်ဆေးရ၏။ နေဝင်ညဉ့် ၄ ချက် (ညနေ ၆ နာရီ) တီးသည့်အခါ အလယ် ဓာတ်တံခါးကြီး ၄ ခု ကို ပိတ်လိုက်ရာ၊ ဝင်ထွက်သွားလာသူတို့ တစ်ယောက်ဝင် မလွယ်တံခါးမှ ထွက်ဝင်ရသည်။ ညဉ့် ၁ ချက်တီး (ညဉ့် ၉ နာရီ)တွင် ထိုမလွယ်တံခါးများပါ ပိတ်လိုက်၍ နံနက် ၄ ချက်တီး(နံနက် ၆ နာရီ) ကျမှ မြို့တံခါးအားလုံး ပြန်ဖွင့်လိုက် သည်။ မြို့တံခါးပိတ်ထားချိန်တွင် အခွင့်အမိန့်မရဘဲ မည်သူမျှ ဝင်ခွင့်ထွက်ခွင့် မရပေ။ အလယ်ဗဟို တံခါးမကြီးများ တွင် ဓာတ်စည်တော်များ ဆွဲထားရာ၊ ပဟိုရ်ချက်နှင့်အညီ နေထွက် နေဝင်၊ တစ်နည်းအားဖြင့် တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို ပြည်သူတို့ အား အသိပေးသည့် အနေဖြင့် တီးရသည်။ မင်းမျိုးများသာ အသုံးပြုသော ဓာတ်တံခါး ခေါ် အလယ်ဗဟိုတံခါးများ တွင် ပြာသာဒ်များ မှာ ဘုံ ခုနှစ်ဆင့် ရှိပြီး ကျန်ပြာသာဒ်များမှာ ဘုံငါးဆင့်သာ ရှိသည်။ တံခါး ၁၂ ရပ်တွင် အဓိက အကျဆုံး တံခါးမှာ အရှေ့မြို့ရိုးရှိ ဗဟိုတံခါး ဖြစ်ပြီး မဟာပွဲတက်ဆောင်နှင့် မျက်နှာချင်းဆိုင် တွင်ရှိသည်။
ခံတပ် စီမံကိန်းကို မြို့ရိုးမျက်နှာစာ ကနေ ၇ မီတာ (၂၃ ပေ) နှင့် တံခါး၏ တစ်ဖက် တစ်ချက် ၁၀.၃၆ မီတာ (၃၄ပေ အကွာ)မှာပြုလုပ်ခဲ့သည်။ ရိုးစင်းတဲ့ ပုံသွင်းမှုနဲ့ အင်္ဂတေ ပန်းပုများကြောင့် နန်းတော်ရဲ့ အပြင်ဘက်မှာ တမူထူးခြားနေသည်။ သို့ပေမယ့် တံခါးရဲ့ အတွင်းဘက်မျက်နှာပြင်မှာတော့ အချိန်ကြာမြင့်လာမှုများကြောင့် ပုံများ ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။ တံခါးများကို သစ်သားအထူများဖြင့် ပြုလုပ်ထားပြီး တံခါး နှစ်ရွက်ဖြစ်သည်။ ထိုတံခါးများကို အင်္ဂလိပ်များ သိမ်းပိုက်မှုအပြီးမှ ဖြုတ်ခဲ့ကြသည်။
တံခါးအမည်များ(အရှေ့မြောက်ဘက်မှစ၍)
- လွန်ကဲတံခါး
- ဦးထိပ်တံခါး(အရှေ့တံခါးမကြီး)
- သောင်းညွှန့်တံခါး
- ကျွန်းလုံးယူတံခါး
- ကျော်မိုးတံခါး(တောင်တံခါးမကြီး)
- ရန်နည်တံခါး
- ကြေးမုံတံခါး
- စည်ရှင်တံခါး(အနောက်တံခါးမကြီး)
- ထင်ရှားတံခါး
- စည်သာတံခါး
- လေးသိန်းတံခါး(မြောက်တံခါးမကြီး)
- မန်းဦးတံခါး[၅]
မြို့တံခါး (၁၂)ရပ်တို့၌ တံခါးပေါက် နေရာများတွင် တံခါးတိုင်၏ မှီရာ အုတ်မြို့ရိုး တစ်ဖက်တစ်ချက်၌ အင်္ဂတေတို့ဖြင့် အပြေအပြစ် ကိုင်ပြီးလျှင် ထုံးဖြူဖွေးဖွေးသုတ်၍ တံခါးအထက်မှ ဘုံ ၅ ဆင့် ဘုံ ၇ ဆင့် အသီးအသီး ရှိကြသော ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်တော်ကြီးများကို ရွှေဟင်္သာပြဒါးတို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။ တံခါးပေါက် တစ်ခုတစ်ခု၌ မြို့တံခါး တစ်ဖက်တစ်ချက် ကူးလိုသောအခါ လျှောက်သွားရန် ပြုလုပ်ထားသော ရင်လျှောက် (ခေါ်) နင်းကြမ်းပျဉ်ပြားများ၊ တံခါးရွက်ပြင်ဖက်က ရန်သူတို့ ရုတ်တရက် မဝင်သာအောင် တစ်ဖက်တစ်ချက် လျှိုထိုး သော 'ရင်တား' ခေါ် ရက်ဖောက် သစ်တုံးအဆင့်များနှင့် ထို ရင်တား တိုင်ကြီး တစ်ဖက်တစ်ချက်ကို ညှပ်ထားရန်၊ သို့မဟုတ် စွပ်ထားရန် ပြုလုပ်ထားသော တုရိုဏ်တိုင် (ခေါ်) တံခါးတိုင်များ၊ အလယ်ဗဟို တံခါးမကြီးများတွင် တံခါးအတွက် လက်ဝဲဘက်က မြို့စောင့်နတ်ကူ တစ်ခုကျစီ ပြုလုပ်ထား၍၊ အလားတူ မြို့ထောင့် ၄ ထောင့်တွင်လည်း နတ်ကူများရှိ၏။ တံခါးပေါက် မရှိသော ပြထက်များ၌ ၅ တိုင် စင်နှင့် ဘုံ ၅ ဆင့် ရှိသော ပြာသာဒ်ဆောင်များ ပေါက်ထားရာ၊ မြို့ ၄ မျက်နှာ၌ ထိုကဲ့သို့သော ပြငယ် ၃၂ ရှိပြီး ပြာသာဒ်လည်း ၃၂ ဆူ ရှိ၏။ ထောင့်ပြကြီး ၄ လုံးတို့၌ကား မလွယ်တံခါးများမှ ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်မျိုးအတိုင်း ဘုံ ၅ ဆင့်နှင့် ပြုလုပ်ထားသည်။



Comments
Post a Comment