ဝိဇယပူရ ပင်းယ

 ဝိဇယပူရ ပင်းယ


ကျွန်တော် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဇေယျာပူရ (စစ်ကိုင်း)၊ ရတနာပူရ (အင်းဝ) နဲ့ အမရပူရ ဆိုတဲ့ ပူရ အမည်နဲ့ နေပြည်တော်ဟောင်း သုံးမြို့ ကို ရေးခဲ့ဖူးပါတယ်။ ကျန်နေသေးတဲ့ ဝိဇယပူရ (ပင်းယ) အကြောင်းကိုတော့ ခု ၂၀၁၉ နှစ်ဆုံးပိုင်းမှ ရေးဖြစ်တယ် ဆိုပါတော့။ အင်းဝ ကို လူ သိများပေမဲ့ ပင်းယ ကိုတော့ တခုတ်တရလည်ပတ်ကြသူ နည်းပါးပါသေးတယ်။ အင်းဝ နဲ့ ယှဉ်ရင် ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်လည်း နည်းပါးသလို၊ ပြုပြင်မှုတွေလည်း များခဲ့ပြီး၊ လူနေအဆောက်အဦးများနဲ့ စိုက်ခင်းတွေကြား ပျောက်ပျက်သွားတာတွေလည်း ရှိနေလို့ပါ။ ပင်းယ နဲ့ ပတ်သက်လို့ အထင်ကရတွေကို မန္တလေးသူ/သားတွေပဲ မေးမေး၊ ယခု ပင်းယမြို့ဟောင်းဝန်းကျင် ဖြစ်နေတဲ့ တံတားဦးဝန်းကျင်ပဲ မေးမေး ရုတ်တရက် မဖြေနိုင်ကြသလို၊ ဆယ်ကျော်သက် နဲ့ အသက် ၂၀ ကျော် လူငယ်များဟာလည်း ကောင်းစွာ မသိကြတာ များပါတယ်။ မန္တလေး၊ အင်းဝ နားရောက်လက်စနဲ့တော့ ပင်းယ ပါ တစ်ပါတည်း လေ့လာ ဘုရားဖူးနိုင်ဖို့အတွက် ရည်ရွယ် ရေးသားလိုက်ပါတယ်။


ပင်းယခေတ် ဆိုတာလည်း ရှိခဲ့တယ်

အင်းဝခေတ် မတိုင်ခင်က ပင်းယခေတ် နဲ့ စစ်ကိုင်းခေတ် ဆိုတာ ရှိခဲ့ပါတယ်။ ပုဂံ မပျက်သုဉ်းခင်လေးမှာ ပုဂံနဲ့ အပြိုင်လို့ ဆိုပါတယ်။ ပုဂံခေတ် နှောင်းပိုင်း နရသီဟပတေ့မင်းလက်ထက်မှာ မြင်စိုင်းဒေသက ဗိန္ဒကမင်းမျိုးနွယ် ပျော့ရှမ်းမျိုး သိင်္ခဗိုလ် ဟာ သားတော် သုံးဦး (အသင်္ခယာ၊ ရာဇသင်္ကြန် နဲ့ သီဟသူ) တို့ကို နရသီဟပတေ့မင်းထံ အပ်နှံခစား စေခဲ့တယ်။ နရသီဟပတေ့မင်း ကံကုန်ပြီး သား ဒလစားကျော်စွာ နန်းတက်လာတဲ့အခါမှာ ရှမ်းညီနောင် သုံးဦး ကို အကြီးဆုံးက မြင်စိုင်းမြို့၊ အလတ်က မက္ခရာမြို့ နဲ့ အငယ်ဆုံး သီဟသူ ကို ပင်လယ်မြို့တွေမှာ မြို့စားအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ အလတ် ရာဇသင်္ကြန်ကံကုန်ချိန်၊ အငယ်ဆုံး သီဟသူက အကြီးဆုံး အသင်္ခယာ ကို အဆိပ်ကျွေးလုပ်ကြံလို့ အစ်ကိုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်။ ပြီးတော့ အင်းဝ ကို ပြောင်းရွှေ့ပြီး ယခု အင်းဝမြို့နေရာမှာ ပင်းယမြို့ ကို (၄) ကြိမ် တည်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်တော့ အင်းဝတောင်ဘက် ငါးမိုင်အကွာ ပန်းလောင်မြစ်အနား မှာ ပင်းယမြို့ကို ခရစ်နှစ် ၁၃၁၃ ဖေဖော်ဝါရီ ၉ ရက်မှာ တည်ထောင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ပင်းယ နဲ့ စစ်ကိုင်း ဟာ သီးခြား မင်းပြိုင်များနဲ့ နန်းပြိုင် အုပ်ချုပ်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။



“သော်တာလ၊ ပင်းယတည်သည့် တစ်စီးရှင်” လို့ အမှတ်အသားပြုခဲ့တဲ့အတိုင်း ပင်းယ နန်းတည်နှစ် ဟာ မြန်မာသက္ကရာဇ်အားဖြင့် ၆၇၄ ခုနှစ် ဖြစ်ပါတယ်။ ခုဆိုရင် ပင်းယ သက်တမ်းဟာ နှစ်ပေါင်း ၇၀၀ ကျော်သွားပါပြီ။


Comments

Popular posts from this blog

မစိုးရိမ်